Monday, November 21, 2011

ပျံလိုရာ ပျံနိုင်ပြီတဲ့လား


အလွန်အကျွံတောက်ပလွန်းလို့
စူးခဲ့ဖူးတဲ့ ဆူးတွေ
မူးနေခဲ့မိတဲ့ငါကတော့
ကျေးဇူးပါ။

နေ့
အမှောင်ရိပ်တွေကြား
မနမ်းခဲ့ဖူးတဲ့ ပန်းတွေ
ဘယ်သူမှမလွမ်းရင်နေ
အဲဒီတုန်းက
ငါ့ရဲ့အထီးကျန်မှု
ငါဘာသာငါလွမ်းတယ်။
ခါးသီးမှုတွေက ချိုမြိန်လွန်းတယ်
လှပမှုတွေက အကျည်းတန်လွန်းတယ်
ပူလောင်မှုတွေက စွတ်စိုလွန်းတယ်
ငါ့ခံစားချက်တွေကတော့ ခြောက်သွေ့လွန်းတယ်။

ဖြောင့်နေတဲ့ လမ်းမကြီးက
တည့်တည့်မသွားတတ်တဲ့ငါ့အတွက်
ကွေ့ကောက်သွားတာ
ငါစိတ်မဆိုးရက်ပါဘူး။

လမ်းဆုံးရင်ရွာတွေ့မယ်တဲ့
ခရီးအဆုံးမှာ လမ်းမဆုံးသေးပေမယ့်
ငါခြေထောက်တွေက
ဘယ်တော့မှ မမုန်းပါဘူး။

အရောင်တူအဆင်လွဲခဲ့တဲ့
သင်းကွဲငှက်
တဖျက်ဖျက်ခတ်ရင်း ခရီးဆက်
အိမ်မက်တွေဆက်မက်နေဆဲပါ။

အလွဲလွဲအချော်အချော်တွေ
စားခဲ့ရတဲ့ ငါ့ခံတွင်းက
အော့အန်ထုတ်လိုက်ရတဲ့
အန်ဖက်အပိုင်းအစတွေကို
စာစာနာနာကြည့်အပြီး
ငါ့အတောင်မှာ
သူ....
စာတစ်ကြောင်းရေးသွားတယ်
“သင်ပျံလိုရာ ပျံနိုင်ပြီ” တဲ့။

ကျေးဇူးပါ
ကဗျာ...........................။

ပြေနိုင်ဦး

No comments:

Post a Comment